Wednesday, January 16, 2013

လူပျို အပျိုဖော် ဝင်ကာစအရွယ်



ဆယ်ကျော်သက်တွေကို သုတေသနပြုကြည့်လိုက်တော့ သူတို့ရဲ့ဦးနှောက်တွေဟာ ထစ်ကနည်းဆို ဒေါသတွေပိုချင်စိတ်တွေ လွန်ကဲနေတယ်လို့ဆိုတယ်။ ဒီလိုဒေါသစိတ်တွေ လွန်ကဲနေတာကိုက သူတို့ ဆယ်ကျော်သက်တွေအတွက် ထူးဆန်းစိတ်လေးတွေလို့လည်း ဆိုနိုင်တယ်။ ဟော်မုန်းဓာတ်တွေက တလိပ်လိပ်တက်နေချိန်
၊ ခန္ဓာကိုယ်အချိုးအစားကလည်း ပြောင်းလဲကာစ၊ လူတွေနဲ့ပြောချင်ဆိုချင် စိတ်တွေ လွန်ကဲလာသလို လိင်ပိုင်းဆိုင်ရာကိစ္စတွေကိုလည်း စမ်းသပ်ကြည့်ချင်စိတ်တွေ ဝင်လာချိန်လို့ ပြောနိုင်တယ်။ ဒါကြောင့် အဝတ် အစားတွေ ဝတ်သာဝတ်လာတယ် အချိုးအစားက သိပ်မကျချင်ဘူး။ မိတ်ကတ်တွေ လူးချင်လာတယ်။ ရေမွှေးတွေဆွတ်ချင်လာတယ်။ လိင် မတူသူအချင်းချင်း စောင်းကြည့်ချင်၊ ချောင်းကြည့်ချင် စိတ်တွေလည်း ဝင်လာချိန်ပေါ့။
မိဘတွေက ဆယ်ကျော်သက်အရွယ်မှာ ပြောမရ ဆိုမရ စကောစကဆိုတော့ ပစ်ပယ်ထားချင်စိတ်တွေ ဖြစ်လာတယ်။ ဒီအချိန်မှာ မူးယစ်ဆေးဝါးကိစ္စတွေက သူတို့ကို သွေးဆောင်ဖြားယောင်းတော့တာပေါ့။ ကျောင်းနေတဲ့အရွယ်တွေဖြစ်နေပြန်တော့ စာမေးပွဲဆိုတဲ့ ဖိစီးမှုတွေကလည်း သူတို့အပေါ် နေရာအတော်လေး ယူထားကြတယ်။ ဆယ်တန်းအောင်ဖို့၊ ဘွဲ့ရဖို့၊ ဘွဲ့ရရင် အလုပ်ရဖို့ဆိုတာတွေဟာ သူတို့ရဲ့ သောကတွေလို့ တောင် ပြောနိုင်တယ်။ ဇီဝကမ္မ၊ စိတ်ပညာ၊ ဆေးဝါးဗေဒ တွေနဲ့ သူတို့ရဲ့ ဘ၀လေးတွေကို ထိန်းကျောင်း တည့်မတ်ပေးနိုင်မယ်ဆိုရင် ဆယ်ကျော်သက်အရွယ်ဟာ အကောင်းဆုံးပြုစုပျိုးထောင်နိုင်တဲ့ အရွယ်လို့လည်း ဆိုကြတယ်။
ဟော်မုန်းဆိုင်ရာ ပြောင်းလဲချိန်ဟာ ဆယ်ကျော်သက်တွေ အတွက် အထူးခြားဆုံးကာလလို့ဆိုနိုင်တယ်။ ခုခေတ်မှာ အပျိုဖော် ဝင်ချိန်တွေ စောလာပြီလို့ စာတန်းအတော်များများက ဝေဖန်သုံးသပ်ပြ နေတာကိုလည်း သတိထားလိုက်မိတယ်။ မိဘတွေ အန်တီတွေက တောင် “ငါ့တူမလေးကတော့ တကယ့်ကို အပျိုကြီး အတိုင်းပဲ” လို့ ပြောရမှာတောင် ခပ်ကြောက်ကြောက်ဖြစ်လာပြီလို့ဆိုကြတယ်။ ပြောလိုက်လို့မကြာခင် လင်နောက်လိုက်ဖို့ ပြင်နေကြပြီတဲ့လေ။
မြီးကောင်ပေါက်အရွယ်လို့လည်းခေါ်ကြတဲ့ ဒီအချိန်မှာ ပဋိပက္ခတွေလှိုင်းလိုထန်တဲ့ကာလပေါ့။ ကလေး လည်းမက လူကြီးလည်း မကျချိန်ဆိုတော့ နေမြင့်ချိန်မပြောနဲ့ မွန်းတည့်တာတောင် အိပ်ယာက မထချင် ကြဘူး။ သီချင်းကိုစွဲစွဲလမ်းလမ်းဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အားကစားကို အရမ်းလိုက်စားချင်ကြတယ်။ စိတ်အနေ အထားက ဘာကိုမှ အတည်တကျမရှိချင်ကြဘူး။ တစ်မိနစ်လောက်လေးတွေးပြီး တည်ငြိမ်နေသလိုလို ဖြစ်နေရာကနေ၊ အခန်းထဲမှာ ဝုန်းဒိုင်းနဲ့ထပြီး ပေါက်ကွဲချင်ရင် ပေါက်ကွဲနေတတ်ကြတာ။ သုတေသီတွေ ကတော့ ဒီအရွယ်မှာ ဦးနှောက်ကိုက အဆင်မပြေ ကစဥ့်ကလျားဖြစ်နေတတ်တာလို့ ဝေဖန်သုံးသပ်ကြတယ်။
ဘ၀မှာ ဒီအရွယ်ဟာ စိတ်ဝေဒနာအဖြစ်နိုင်ဆုံးအရွယ်တွေလို့လည်း ဆိုကြတယ်။ စိတ်ကစဥ့်ကလျား ဝေဒနာဟာ ဒီအရွယ်မှာ ပထမဦးဆုံးပြသလာတတ်တယ်။ ဒါကြောင့်ဆယ်ကျော်သက်တို့ဟာ အစားမမှန် အသောက်မမှန်နဲ့ နေချင်တိုင်းနေတတ်တာမျိုးလည်း ရှိတတ်တယ်။ ငယ်ရွယ်တဲ့အပျိုဖြန်းလေးတွေဆိုရင် အလိုမကျတာနဲ့ ကိုယ့်ကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင်လုပ်တာမျိုး၊ သတ်သေဖို့အထိ ကြံစည်တာမျိုး တွေရှိလာတတ်တယ်။ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်တွေ လျှော့ပါးလာပြီးတော့ စိတ်ဓာတ်ကျတာမျိုးတွေ ဖြစ်လာတတ်ကြတယ်။
ဆယ်ကျော်သက်တွေ တည်ငြိမ်စပြုလာပြီဆိုရင် မိဘတွေ၊ ဆရာတွေအနေနဲ့ ဘာတွေကို သတိပြုရတော့မလဲ။ မစားချင်မသောက်ချင် ခံတွင်းပျက်သလိုဖြစ်နေတာတွေကို နားလည်ပေးရမယ်။ အားပေးစကားတွေ ပြောသင့်ရင် ပြောပေးရမှာဖြစ်သလို ကိုယ့်ကိုယ်ကို ရန်မူသလိုမျိုး လုပ်မှာတွေကိုလည်း တားဆီးပေးနိုင်အောင် သတိထားကြရလိမ့်မယ်။
အရွယ်ရောက်လာပြီဆိုတာနဲ့ နောက်တစ်ဆင့်တက်ချင်လာကြတာက စူးစမ်းချင်လာကြတာပဲ။ မိဘတွေက ငါငယ်စဉ်ကဆိုတာနဲ့ နှိုင်းယှဉ်ပြီး သားသမီးတွေအပေါ်နားလည်ပေးနိုင်ရင် အကောင်းဆုံးပဲ။ ဘာကြောင့်လဲ ဆိုတော့ မိဘတိုင်းအဲဒီလိုအရွယ်တွေကို ဖြတ်သန်းလာခဲ့ ကြတာဆိုတော့ စာနာစိတ်ရှိကြဖို့ပဲလိုတာပေါ့။ သားသမီးဆိုတော့ စိတ်ဆိုးချင်စရာတွေရှိနိုင်သလို ချစ်စရာလေးတွေလည်းရှိနိုင်တယ်။ မိသားစုအတွင်းမှာ ဖြစ်လာတဲ့ပြဿနာလေးတွေကို ပဋိပက္ခအသွင်ဆောင်တဲ့ ဝိရောဓိတွေလိုကြီးကြီးကျယ်ကျယ်ကြီး လုပ်သင့် တယ်ထင်သလား။ နေရာတကာလိုက်ပြီး ကလေးတွေနဲ့ အငြင်းအခုန်လိုက်လုပ်နေသင့်တယ်လို့ထင်သလား။ ကလေးတွေနဲ့ လက်ပွန်းတတီးနေပြီး နားလည်ပေး မလား။ သူတို့နဲ့မေးတစ်ခွန်း ခေါ်တစ်ခွန်းအပြောအဆိုမျိုး အထိရောက်အောင် နေထိုင်ကြမလား။
ဆယ်ကျော်သက်တွေဖြစ်လာပြီဆိုတော့ လိင်စိတ်လေးတွေကလည်း တိတ်တခိုး နိုးကြားလာကြတယ်။ အရွယ်မရောက်မီ မိခင်တွေ ဘ၀ကို ရောက်သွားကြသူတွေဟာ သနားစရာပါ။ “ကလေးအမေ-အမေကလေး” တွေဟာ တာဝန်မဲ့သယောင်နဲ့ သနားစရာဘ၀မျိုးကို အလိုလို ရောက်သာသွားကြရတယ် ဘ၀ကိုဘာတစ်ခုမှ နားမလည်လိုက်ကြတာကတော့ အမှန်ပဲ။ ကိုယ့်ဘ၀ကို ကိုယ်ဖျက်ဆီးလိုက်တာလို့ အစွပ်အစွဲမျိုး တွေနဲ့ သူတို့ကို မိသားစုဘ၀ကနေပြီး စာရင်းပယ်လိုက်တာဟာ ပြဿနာကို ပြေလည်သွားစေနိုင်မှာလား။ လူတွေလက်ခံထားတဲ့ “စံ” ဆိုတာ ဘယ်လောက်အတိုင်းအတာအထိ မှန်နိုင်မှာလဲ။  ဘုမသိ ဘမသိနဲ့ မိခင်တွေဘ၀ကိုရောက်သွားကြရတဲ့ အမေကလေးတွေအတွက် ဘာတွေများ လုပ်ပေးနိုင်ကြပြီလဲ။
လူပျိုဖော် အပျိုဖော်ဝင်စကာလတွေရဲ့ နောက်ဆုံးအဆင့်မှာ အပေါင်းအသင်းတွေကို ခင်မင်စိတ်တွေ ဝင်လာသလို အပေါင်းအသင်း တွေနဲ့ပဲ အချိန်ကုန်ချင်စိတ်တွေ ဝင်လာတတ်တယ်။ အပေါင်းအသင်းမဖွဲ့ တစ်ကိုယ်တည်းနေချင်တတ်တဲ့စိတ်ဝင်နေသူတွေဟာ နောက်ပိုင်းမှာ ပြဿနာရှိချင်သူတွေလို့ သတ်မှတ် နိုင်တယ်။ အုပ်စုကိုခင် အပေါင်းအသင်းကိုမင်ချင်တဲ့သူတွေဟာ အစုအဖွဲ့ရဲ့တန်ဘိုးကို နားလည်တတ် သလို တန်ဘိုးလည်းထားတတ်လာတယ်။ အရာရာကို ချုပ်ချယ်လွန်း ပြီး ဒါပဲဝတ်၊ ဒါပဲစား၊ ဒါပဲသောက်လို့ သွားလုပ်လိုက်ရင် သူတို့ကို အရက်သမား၊ ဆေးသမားဘ၀ မရောက်ရောက်အောင် တွန်းပို့လိုက်သလို ဖြစ်သွားနိုင်တယ်။ အပေါင်းအသင်းတွေကြားမှာ မတူညီတဲ့ အပြုအမူ အနေအထိုင်အပြောအဆိုတွေ အများကြီးရှိနိုင်ပြီး အဖော်တွေကြားကနေ ရနိုင်တာတွေအများကြီးဆိုတာ သဘောပေါက်ထားရလိမ့်မယ်။ ဒါကြောင့် အပေါင်းအသင်းမင်တဲ့စိတ်ကို လိုက်ပြီးအပြစ်တင်နေ ဆူပူနေလို့ကတော့ ပြဿနာကို ပြေလည်နိုင်မယ် မထင်လိုက်လေနဲ့။
ကျောင်းသားအရွယ်တွေဆိုတော့ စာမေးပွဲကို အောင်မှအောင်ပါ့မလားရယ်လို့ အတွေးခေါင်ပြီး ဘေးအမှောင်ကို ရောက်သွား တတ်တာမျိုးတွေရှိတတ်တယ်။ ဒီအချိန်မှာ အောင်မြင်သူတွေကို အထင်အမြင်သေးစိတ်၊ မထီမဲ့မြင် ပြုချင်စိတ်တွေလည်း ပေါ်လာတတ်တယ်။ လိင်ကိစ္စနဲ့ပတ်သက်ပြီး အစဉ်အလာ သတ်မှတ်ထားချက် တွေကို ပြောင်းပြန်လှန်ပစ်လိုက်ချင်စိတ်၊ မိန်းကလေးချင်း ပြိုင်ချင်စိတ်၊ ယောက်ျားလေး တွေကို ပုန်းရှောင် လိုစိတ်တွေဝင်လာတတ်တယ်။ ဒါတွေအားလုံးဟာ လိင်စိတ်ကြောင့်လို့ဆိုနိုင်တယ်။ ဒီတော့ လင်စိတ် သားစိတ်ကို ထားသင့် ပြီလား မထားသင့်သေးဘူးလားဆိုတာနဲ့ အချိန်မတန်မီ မစမ်းသပ်သင့်သေးတာကို စမ်းသပ်လိုက်လို့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သူတို့ နားလည်သဘောပေါက်အောင် ရှင်းပြနိုင်မယ်ဆိုရင် ဒီအရွယ်တင့်တင့်တို့အရွယ်ကို မြင့်သည်ထက်မြင့်စေနိုင်လိမ့် မယ်ထင်ပါရဲ့။

No comments:

Post a Comment